Tuesday, October 1, 2013

Apple ထုတ်ကုန်များအား ဧရာဝတီဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်ဆောင်ရွက်လိုက်ပါပီခင်ဗျာ(for apple)

Apple ထုတ်ကုန်များအား ဧရာဝတီဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်ဆောင်ရွက်လိုက်ကြောင်း Apple ထုတ်ကုန်များအား တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ရသော mDrive မှ ကိုမြတ်ထူးက ပြောသည်။
 ဧရာဝတီဘဏ်တွင် အရစ်ကျစနစ် ဝယ်ယူခွင့် အကောင့်ဖွင့်ကာ ဝယ်ယူနိုင်မည်ဖြစ်သည်။ “mDrive ကနေ ဧရာဝတီဘဏ်နဲ့တွဲဖက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Apple ထုတ်ကုန်တွေကို အရစ်ကျစနစ်နဲ့ ပထမဦးဆုံး ရောင်းချပေးသွားမယ့် ဆိုင်လို့လည်း ပြောနိုင်ပါတယ်” ဟု ကိုမြတ်ထူးကပြောသည်။ mDrive အနေဖြင့် Apple ၏ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ရရှိထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ဝယ်ယူသည့် ပစ္စည်းအပေါ်တွင် မူတည်၍ ကျသင့်သည့်နှုန်းထားကို တစ်နှစ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း၊ ဘဏ်တွင်အကောင့်ဖွင့်ပြီးပါက ကျသင့်သော Apple ပစ္စည်း၏ တန်ဖိုး ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ ပစ္စည်းဝယ်ပြီး ကနဦးပေးသွင်းငွေပေးချေပြီး တစ်လမှစတင်ကာ လစဉ်အရစ်ကျစနစ်ဖြင့် ပေးသွင်းသွားရမည်ဖြစ်သည်။ ထိုကဲ့သို့ ဝယ်ယူနိုင်ရန်အတွက် ပစ္စည်းငှားရမ်းခ၊ စာရွက်စာတမ်းကြေး၊ ဘဏ်ဝန်ဆောင်ခ အစရှိသည့် ဝန်ဆောင်ခအတွက် ပစ္စည်း၏ ကျသင့်ငွေ ၇ ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးသွင်းရမည်ဖြစ်သည်။ ထိုကဲ့သို့ ဝယ်ယူနိုင်ရန်အတွက် အာမခံဘဏ်အကောင့်တစ်ခုရှိရမည်ဖြစ်သည်။
“ mDrive ကနေပြီး အာမခံပေးရင်တော့ ချက်ချင်းဆောင်ရွက်ပေးတယ်။ တကယ်လို့ အာမမခံပေးဘူးဆိုရင် ဝယ်တဲ့သူက ခိုင်မာတဲ့အာမခံတစ်ခုပေးရမယ်။ ငွေသားသော်လည်းကောင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို သော်လည်းကောင်း ပေးရမှာဖြစ်ပါတယ်” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူက ပြောသည်။ Apple ထုတ်ကုန်များကို Junction Mawtin ရှိ mDrive အရောင်းဆိုင်တွင် တရားဝင်ပေါက်ဈေးအတိုင်း စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “အရင်တုန်းကဆိုရင် ပြည်ပကိုမှာရတယ်။ အသစ်ထွက်တာတွေ စင်ကာပူကို မှာရတယ်။ အခုပြည်တွင်းမှာ နိုင်ငံတကာဈေးနဲ့ ဝယ်နိုင်ပါလိမ့်မယ်။ အရစ်ကျစနစ်နဲပလည်း ဝယ်နိုင်မယ်။ ဈေးကွက်လည်းတည်ငြိမ်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါက်တာမျိုးနိုင်က ပြောသည်။ Apple ထုတ်ကုန်များအား ပြည်တွင်း၌ ဝန်ဆောင်မှုအပြည့်အဝ ရရှိမည်ဖြစ်၍ Apple တံဆိပ်အသုံးပြုသူများအတွက် အဆင်ပြေစေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထွန်းထွန်း

- See more at: http://www.myanmarinternetjournal.com/content/8460#sthash.8J5gNlvJ.dpuf

No comments:

Post a Comment